(၂၁) ရာစုဟာ လူသမိုင်းရဲ့ အပူပြင်းဆုံးကာလတွေလို့ ဆိုရင် မမှားပါဘူး။ ပူပြင်းတဲ့နွေရာသီ ရောက်တဲ့အခါ အပူနဲ့ ပက်သက်တဲ့ ရာသီပေါ်ရောဂါတွေ ဖြစ်လေ့ရှိပါတယ်။ အပူထုတ်လုပ်မှုများခြင်း (သို့) အပူဆုံးရှုံးမှု မလုံလောက်ခြင်းကြောင့် ခန္ဓာကိုယ်အပူချိန်ကို ပြောင်းလဲစေတယ်။
တကယ်တော့ ပြင်ပအပူချိန် ဘယ်လောက်ပြောင်းပြောင်း ခန္ဓာကိုယ်အပူချိန် ပြောင်းလဲလေ့ မရှိဘူး။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်အပူချိန်ဟာ 98.6° F (37° C) ရှိပါတယ်။ core temperature ခေါ်တဲ့ ဝမ်းတွင်းအပူချိန်က 100.4° F (38° C) လောက်ထိ ရှိတယ်။
အရေပြားရဲ့ အရေးကြီးလုပ်ဆောင်မှုတွေထဲမှာ ရောဂါပိုးမွှားတွေ ကာကွယ်ဖို့နဲ့ အပူထိန်းဖို့က အဓိကဖြစ်တယ်။ နေလောင်ဒဏ်က ကာကွယ်ဖို့ အရေပြားရဲ့ melanin ဓာတ်က အရေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ နေလောင်တာနဲ့ melaninက ထွက်လာတယ်။ နေပူထဲသွားပါများရင် အသားညိုလာတာ melanin ဓာတ်ကြောင့်ပါ။
အရေပြားပါးတဲ့သူ၊အသားဖြူတဲ့သူတွေမှာ ဒီဓာတ်နည်းတယ်။ အလားတူခန္ဓာကိုယ်ကို အေးမြအောင်လုပ်ဖို့ အရေပြားရဲ့ ချွေးဂလင်းတွေက အရေးကြီးတယ်။ အပူချိန်တက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်ကို ချွေးထွက်ပြီး အေးမြအောင် လုပ်ပေးတယ်။ ချွေးထွက်များရင် ရေနဲ့အတူ ဆားဓာတ်တွေလည်း ပါသွားတယ်။ ဒီနေရာမှာ ဆားဓာတ်ဆိုတာ ဆိုဒီယမ်တမျိုးတည်းကို ပြောတာ မဟုတ်ဘူး။ ပိုတက်စီယမ်၊ ကလိုရိုက်စတဲ့ ဓာတ်တွေလည်း အကျုံးဝင်တယ်။
လူတယောက်ဟာ နေ့စဉ်နေ့တိုင်း ခန္ဓာကိုယ်က ရေ ၂ လီတာခွဲနီးပါး(2500ml) ဆုံးရှုံးနေပါတယ်။ ဒီထဲမှာ ဆီးကတဆင့် ဆုံးရှုံးတဲ့ ရေပမာဏ 1500 ml လောက်ရှိတယ်။ ဝမ်းကနေရေ 150 ml၊ ချွေးထွက်ရာကနေရေ 350 ml နဲ့ အသက်ရှုရှိုက်ရာက ရေဓာတ် 400 ml လောက် ဆုံးရှုံးနေပါတယ်။ ဆုံးရှုံတာနဲ့ ကာမိစေဖို့ ဖြည့်တင်းရတယ်။
ရေဘယ်လောက် သောက်မလဲ။
နွေရာသီအပူလွန်ကဲတဲ့ဒေသတွေမှာ ပုံမှန်ထက် ရေ (၁) လီတာလောက် ပိုသောက်ရဦးမယ်။ ဒါ့ကြောင့် နွေရာသီမှာ တစ်ရက်ကို ရေသုံးဗူးခွဲလောက် ဝင်အောင် ဖြည့်တင်းသင့်တယ်။
ချွေးထွက်များတာနဲ့ တပြိုင်နက် ဓာတ်ဆားရည် သောက်သင့်တယ်။ ဓာတ်ဆား တစ်ထုပ်နဲ့တစ်ထုပ် ထည့်ရမယ့် ပမာဏ မတူဘူး။ BPI ဓာတ်ဆားထုပ်ဆိုရင် ရေ (၁)လီတာနဲ့ ဖျော်ပြီး (၂၄)နာရီအတွင်း ကုန်အောင် သောက်ရတယ်။
သီးစုံဓာတ်ဆားကတော့ အားကစားသမားတွေ အတွက် ပိုသင့်တော်တယ်။ သီးစုံဓာတ်ဆားဖျော်တဲ့အခါ ရေဖန်ခွက် တခွက်စာ (200ml)နဲ့ ရောပြီးဖျော် သောက်ပါ။ ပူပြင်းတဲ့ရာသီကြောင့် ဆားဓာတ် ခမ်းခြောက်သူတွေဟာ BPI ဓာတ်ဆားကိုသာ ဖျော်သောက်ပေးသင့်တယ်။ နောက်ပြီး ပူပြင်းတဲ့ဒေသတွေမှာ ရေအေးထက် ရိုးရိုးရေကိုသာ သောက်ပေးသင့်တယ်။
ခန္ဓာကိုယ် အပူတက်လာရင် ဘာလုပ်မလဲ
အပူချိန် ၁၀၃ ဒီဂရီ ထက်များရင် ရေခဲဝတ်ကို ညှစ်ပြီး နဖူး၊ချိုင်း၊ ပေါင်ခြံ စတဲ့နေရာတွေကို တင်ပေးထားပါ။ တစ်နာရီအတွင်း ခန္ဓာကိုယ်အပူချိန်ကို အနည်းဆုံး ၁၀၂ ဒီဂရီရောက်အောင် အမြန်ချပေးရပါမယ်။ အပူ တက်နေချိန်မှာ ဆေးပေးတာထက် ပြင်ပအကူအညီနဲ့ အပူချပေးတာမျိုး လုပ်သင့်တယ်။
အရင်ဆုံး အေးတဲ့နေရာ ခေါ်သွားပါ။ ပြီးရင် လူနာရဲ့ အဝတ်အစားတွေကို ချွတ်ပြီး အအေးပေးပါ။ သတိလစ်နေရင် မျက်နှာကို ဘယ်ဘက်စောင်းပါ။ ဦးနှောက် သွေးလျှောက်အောင် ခြေရင်းပိုင်းကို မြှင့်ထားပါ။ လေးနာရီအတွင်း ရေအနည်းဆုံး (၂ လီတာ) ဝင်အောင် ဖြည့်ပေးသင့်တယ်။
ရေဓာတ်ဆုံးရှုံးမှုကို ပါးစပ်က မဖြည့်နိုင်ရင် ဒရစ်လိုင်းတင်ဖို့ လိုအပ်ပါတယ်။ အခြေအနေကို (၂၄)နာရီ အတွင်း စောင့်ကြည့်ရပါမယ်။ လိုအပ်တဲ့ ရေဓာတ်၊ ဆားဓာတ်ကို နောက်ထပ် (၂၄) နာရီထိ ထပ်ဖြည့်ုရပါမယ်။ ပြင်းပြင်းထန်ထန် လှုပ်ရှားခြင်း၊ အားကစားလုပ်ခြင်းမှ အနည်းဆုံး (၃)ရက်လောက် ရှောင်ထားသင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
လေအေးပေးစက် တပ်ထားတဲ့ အခန်းမှာနေပါ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ။ အရောင်ရင့်တဲ့ အဝတ်အစားတွေထက် ဖျော့တဲ့အရောင်မျိုး ရွေးဝတ်ပါ။ ပေါ့ပါ့းချောင်ချိတဲ့ ချည်ထည်အဝတ်မျိုး ဝတ်ပါ။ အပြင်ထွက်ရင် အဆောင်းအကာ တမျိုးမျိုး ယူသွားပါ။
(၃)နှစ်အောက် ကလေးတွေကိုက ကားထဲမှာ အလုံပိတ် မထားခဲ့ပါနဲ့။ နေ့ခင်း အလုံပိတိထားတဲ့ ကားထဲမှာ ၁၅ မိနစ်လောက်နေရုံနဲ့ အပူချိန်ဟာ ကားတွင်းအပူချိန်ဟာ ၂၇ ဒီဂရီကနေ ၄၉ ဒီဂရီအထိ တက်လာနိုင်လို့ ဖြစ်ပါတယ်။
နှလုံးရောဂါ၊ အတက်ရောဂါရှ်သူများ အပြင်မထွက်သင့်ဘူး။ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေကို အထူး ဂရုစိုက်သင့်တယ်။
Credit : ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment