ဆီးချိုနဲ့ သွေးချိုရောဂါဆိုတာ ရောဂါ ၂ခု မဟုတ်ဘဲ ရောဂါ တစ်ခုတည်းသာ ဖြစ်ပါတယ်။ တချို့လူနာတွေက ရောဂါ မတူဘူး ထင်တတ်ကြလို့ပါ။
ဆီးချိုရောဂါ (Diabetesmellitus) ဆိုတာ ပြောရရင် ကိုယ်ခန္ဓာထဲက သကြားအချိုဓါတ် (Glucose) ထိန်းညှိမှုဆိုင်ရာ
ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။
ဂလူးကို့စ် အချိုဓါတ်ဟာ ကြွက်သားတွေ၊ အာရုံကြောတွေ၊ ခန္ဓာကိုယ် တစ်ရှူးတွေ အတွက် အဓိက အင်အားတစ်ရပ် ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ အဓိက လောင်စာဟာလည်း အချိုဓါတ်ပါပဲ။ တကယ်လို့ သင့်မှာ ဆီးချိုရောဂါ ရှိနေတယ်လို့ဆိုရင် သင့်ရဲ့ သွေးထဲမှာ အချိုဓါတ်တွေ လိုအပ်တာထက် ပိုကဲနေပြီလို့ သိထားရမှာ ဖြစ်ပါတယ်။
သွေးတွင်းသကြားဓါတ် လွန်ကဲခြင်းဟာ ရေရှည်မှာ ကျန်းမာရေးကို များစွာ ထိခိုက်စေပါတယ်။ ဆီးချိုရောဂါမှာ အမျိုးအစား (၁) နဲ့ အမျိုးအစား (၂) ဆိုပြီးတော့ အဓိကအားဖြင့် အမျိုးအစား ၂ မျိုးရှိပါတယ်။
အမျိုးအစား (၁) က ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပြီး များသောအားဖြင့် ကလေးအရွယ်နဲ့ လူပျိုအပျိုဖြစ်ကာစ အရွယ်မျိုးမှာ
ရောဂါစတင် ဖြစ်ပေါ်တတ်ပါတယ်။
အမျိုးအစား (၂) ဆီးချိုကတော့ အသက်ကြီးတဲ့ သူတွေမှာ ပိုဖြစ်တတ်ပြီး အများအားဖြင့် အသက် ၄၀ ကျော် အရွယ်မှာ စတင်တွေ့ရတတ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်း (Gestational Diabetes) ဆိုတာလည်း ရှိပြီး များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင် ကာလပြီးလို့ ကလေးမွေးဖွားပြီးတာနဲ့ သွေးချိုပုံမှန် ပြန်ဖြစ်သွားတတ် ကြပါတယ်။ ဒါပေမယ့် ဒီလို ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ဖူးသူတွေဟာ နောင်တစ်ချိန်မှာ ဆီးချို အမျိုးအစား (၂) ဖြစ်ပေါ်လာဖို့ အခွင့်အရေး ပိုများတယ်ဆိုတာ သိရှိထားဖို့လည်း လိုအပ်ပါတယ်။
ရောဂါလက္ခဏာများ
သွေးတွင်း သကြားဓါတ် အနည်းအများပေါ် မူတည်ပြီး ပြသတဲ့ လက္ခဏာတွေရဲ့ ပုံစံလည်း ကွဲပြားကြပါတယ်။ ဆီးချိုစဖြစ်ကာနီး (Prediabetes) နဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ အစပိုင်းတွေမှာ ဘာလက္ခဏာမှ မရှိဘဲနေတတ် တာကလည်း ရောဂါသိတာ နောက်ကျစေတတ်လို့ သတိပြုစရာပါ။ အမျိုးအစား (၁) ဆီးချိုရောဂါကတော့ ရောဂါလက္ခဏာ စောစီးစွာပြသလေ့ ရှိပါတယ်။
- မကြာခဏ ရေဆာခြင်း
- ဆီးသွားများခြင်း
- ဗိုက်အလွန် ဆာလောင်ခြင်း
- ကိုယ်အလေးချိန် လျော့ကျလာခြင်း
- နုံးခွေနေတတ်ခြင်း
- အမြင်အာရုံ ဝေဝါးခြင်း
- အနာပေါက်လျှင် တော်ရုံနှင့် အနာမကျက်ခြင်း
- မကြာခဏ အရေပြားမှိုစွဲတတ်ခြင်း၊ မိန်းမကိုယ်အင်္ဂါ ပိုးဝင်ခြင်း
အစရှိတဲ့ လက္ခဏာတွေ တွေ့ရှိရင် ဆီးချိုရောဂါ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ရောဂါ စောသိပြီး စောစောကုသရင် အကျိုးရှိလှတာမို့ ဒီလို လက္ခဏာတွေကို သိရှိသင့်ပါတယ်။
ရောဂါ ဖြစ်စေသော အကြောင်းရင်းများ
အမျိုးအစား (၁) ဆီးချို ---- အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်ပွားရခြင်းရဲ့ အကြောင်းကတော့ ကိုယ်ခန္ဓာရဲ့ ကာကွယ်ရေးစနစ် (Immune System) က အင်ဆူလင် ထုတ်ပေးတဲ့ မုန့်ချိုအိတ်ရဲ့ ဆဲလ်တွေကို တိုက်ခိုက်ခြင်းကြောင့်လို့ ယူဆထားကြပါတယ်။ ဒီလို တိုက်ခိုက်မှုကြောင့် အမျိုးအစား (၁) ဆီးချိုရှင်တွေမှာ အင်ဆူလင် ဟော်မုန်းဟာ မရှိသလောက် နည်းပါးနေတတ် ကြပါတယ်။ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။
အမျိုးအစား (၂) ဆီးချို ---- အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားရခြင်းရဲ့ အကြောင်းကိုတော့ အင်ဆူလင် ထုတ်လုပ်မှု လျော့နည်းလာခြင်း၊ အင်ဆူလင်၏ အစွမ်းသတ္တိကို သိရှိခံစားမှု လျော့နည်းလာခြင်း (Insulin Resistance) စသဖြင့် အကြောင်းအရင်းများစွာ တွေ့ရှိထားကြပြီး မျိုးရိုးလိုက်ခြင်းနဲ့ နေ့စဉ်နေထိုင်မှု ပုံစံ (Lifestyle) အပြောင်းအလဲကြောင့် ဖြစ်ပွားနိုင်ပါတယ်။ အဝလွန်သူတွေမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ပိုဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို ၊ ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ အချင်းကနေ ထုတ်လွှတ်တဲ့ ဟော်မုန်း အချို့ဟာ အင်ဆူလင်ဓါတ်ရဲ့ အစွမ်းသတ္တိကို သိရှိခံစားမှု ကျဆင်းစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပုံမှန်အားဖြင့် မုန့်ချိုအိတ်က အင်ဆူလင်ပိုထုတ်ပြီး အချိုဓါတ် မများလာအောင် ထိန်းညှိပေးပါတယ်။ တခါတရံမှာတော့ မုန့်ချိုအိတ်က ဒီလိုထိန်းညှိမှုကို မလုပ်ပေးနိုင်ဘဲ အချိုဓါတ်တွေ သွေးစီးကြောင်းထဲမှာ များလာပြီး ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
နောက်ဆက်တွဲ ပြဿနာများ
နောက်ဆက်တွဲ ပြဿနာတွေဟာ ဆီးချိုသက်တမ်း ကြာရှည်မှု၊ သွေးတွင်း အချိုဓါတ် ထိန်းသိမ်းနိုင်မှု စတဲ့အပေါ် မူတည်ပြီး အနည်းအများ ကွဲပြားပါတယ်။ သွေးတွင်းအချိုဓါတ် တက်တာ များလေ နောက်ဆက်တွဲ ပြဿနာတွေ ပိုများလေပါပဲ။
ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့
- နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ
ဆီးချိုရောဂါဟာ သွေးတိုး၊ လေဖြတ်၊ နှလုံးသွေးကြောကျဉ်း စတဲ့ ရောဂါတွေကို ပိုမိုဖြစ်ပေါ်နိုင်စေပါတယ်။
- ကျောက်ကပ်ဆိုင်ရာ ရောဂါများ
ကျောက်ကပ်ထဲမှာ သန်းနဲ့ချီတဲ့ သွေးကြောငယ်လေးတွေ ပါဝင်နေပြီး ကိုယ်ခန္ဓာထဲက မလိုအပ်တဲ့ ပစ္စည်းတွေကို စစ်ထုတ် စွန့်ပစ်ပါတယ်။ ဆီးချိုရောဂါကြောင့် ဒီလို စစ်ထုတ်တဲ့ စနစ်မှာ ပြဿနာရှိပြီး ကျောက်ကပ်ရောဂါ
ဖြစ်ပွားလာနိုင်ပါတယ်။ တခါတရံ ကျောက်ကပ်လုံးဝ ပျက်စီးသည်အထိ ဒုက္ခပေးနိုင်ပါတယ်။
- အာရုံကြောဆိုင်ရာ ရောဂါများ
သွေးတွင်းအချိုဓါတ် များခြင်းကြောင့် အာရုံကြောတွေကိုသွားတဲ့ ဆံခြည်မျှင် သွေးကြောငယ်လေးတွေ ပျက်စီးပြီး အာရုံကြောပျက်စီးကာ ထုံခြင်း၊ ကျဉ်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ခြေထောက်
အာရုံကြောတွေ ပျက်စီးပြီး စနစ်တကျ မကုသရင် ခြေထောက်တစ်ခုလုံး ထုံထိုင်းသွားသည်အထိ ဖြစ်နိုင်ပါတယ်။
ထုံကျဉ်မှုကြောင့် အနာဖြစ်ဖို့ အခွင့်အရေးပိုများပြီး အနာကျက်နှေးတာလည်း ရှိတာမို့ ရောဂါပိုးဝင်ပြီး ခြေထောက် ဖြတ်ရသည်အထိ ဖြစ်ပေါ်နိုင်တာကြောင့် ခြေထောက်မှာ အနာဖြစ်တာ၊ အနာပိုးဝင်တာရှိရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ စနစ်တကျ ကုသမှုခံယူဖို့ အရေးကြီးလှပါတယ်။ အာရုံကြောဆိုင်ရာ ပျက်စီးမှုကြောင့် အမျိုးသားတွေမှာ ပန်းသေ ပန်းညှိုးခြင်း (Erectile dysfunction) လည်း ဖြစ်နိုင်ပါတယ်။
- မျက်စိ ရောဂါများ
မျက်လုံးရဲ့ အမြင်အာရုံ ခံစားတဲ့နေရာ (Retina) ကို ပေးပို့ထောက်ပံ့နေတဲ့ သွေးကြောငယ်လေးတွေ ပျက်စီးတာကြောင့် အမြင်အာရုံ ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ရေတိမ်ရောဂါ နဲ့ အတွင်းတိမ် ရောဂါတွေလည်း ဖြစ်ပွားနိုင် ပါတယ်...
- အရေပြားဆိုင်ရာ ရောဂါများ
ဆီးချိုရောဂါရှင်တွေဟာ မှိုစွဲခြင်းနဲ့ ဘက်တီးရီးယားနဲ့ ဆိုင်တဲ့ အရေပြား ရောဂါတွေကို သူများတွေထက် ပိုမိုခံစားရနိုင်ပါတယ်။ ဒါတွေက
အများအားဖြင့် တွေ့ရနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပြီး အခြား ပြဿနာတွေလည်း ရှိနိုင်ပါသေးတယ်။
ကုသခြင်း
ကုသခြင်းကတော့ စားဆေး နဲ့ ထိုးဆေး ၂ မျိုးရှိပြီး ဆီးချို အမျိုးအစား၊ အသက်၊ ကိုယ်ခန္ဓာ အလေးချိန် စသဖြင့် အချက်တွေပေါ် မူတည်ပြီး ကုသမှု ပုံစံတွေ ကွဲပြားပါတယ်။ တစ်ခုခြင်းကို ရှင်းပြရင် စာအရမ်းရှည်သွားမှာ စိုးတာကြောင့် ကုသမှုအပိုင်းမှာ ဆရာဝန်ရဲ့ ကုသမှုပိုင်းကို မဖော်ပြတော့ဘဲ မိမိဘာသာ ပြုလုပ်နိုင်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
- စားသောက်မှု ပုံစံ
ဆီးချိုရောဂါရှင်တွေအနေနဲ့ အာဟာရကို မျှတအောင် စားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် နေ့စဉ်ထမင်းစားပန်းကန်ကို ၄ ပုံ ပုံပါ။ ၄ ပုံ ၂ ပုံက အသီးအရွက် (ကန်စွန်းရွက်၊ ဟင်းနုနွယ် စသည်) တို့ဖြစ်ပြီး ကျန် ၄ ပုံ ၁ ပုံက အသားဓါတ် ဖြစ်ရပါမယ်။ ကျန်တဲ့ ၄ ပုံ ၁ ပုံကမှ ကာဗိုဟိုက်ဒရိတ်ဓါတ် (ထမင်း) ဖြစ်ရပါမယ်။ ဒါဟာ ဆီးချိုဝေဒနာရှင်တွေ စားသင့်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။
- နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု
ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ နေ့စဉ်ကိုယ်လက်
လှုပ်ရှားမှု ပြုသင့်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးကိုတော့ မပြုလုပ်သင့်ပါဘူး။ အချိုဓါတ် ရုတ်တရက် အလွန်ကျဆင်းသွားတတ်တဲ့ အတွက် ဖြစ်ပါတယ်။ သာမာန် (အေရိုးဗစ်၊ ယောဂ၊ လမ်းလျှောက်ခြင်း) စတဲ့ လှုပ်ရှားမှုမျိုးကို ပြုလုပ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ အင်ဆူလင် အစွမ်းသတ္တိကို ခံစားမှုကျခြင်းကိုလည်း သက်သာစေပါတယ်။
- သွေးချို နေ့စဉ်မှတ်တမ်းထားခြင်း
ကုသနေတဲ့ပုံစံပေါ်မူတည်ပြီး နေ့စဉ် သွေးချို ဖောက်ချိန်တွေ ကတော့ ကွာခြားတတ်ပါတယ်။ အရေးကြီးတာက ဆရာဝန် ညွှန်ကြားထားတဲ့ အတိုင်း သွေးချို မှတ်တမ်းထားရှိပြီး ဆရာဝန်နဲ့ ပြသတဲ့အခါ အဆိုပါ မှတ်တမ်းကိုပါ တစ်ခါတည်း ယူဆောင်သွားဖို့ ဖြစ်ပါတယ်။ ဆေးချိန်ညှိတဲ့ နေရာမှာ နေ့စဉ်သွေးချိုမှတ်
တမ်းဟာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်တဲ့အတွက် မှတ်တမ်းကို စနစ်တကျ ထားရှိသင့်ပါတယ်။
ဆီးချိုရောဂါရဲ့ လက္ခဏာရပ်တွေကို လေ့လာသိရှိပြီး ရောဂါဖြစ်လာရင်
စောစောသိဖို့၊ ရောဂါဖြစ်လာရင်လည်း ဆေးမြီးတိုတွေနဲ့ ပေါ့ပေါ့ဆဆ မနေဘဲ စနစ်တကျ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဆီးချိုရောဂါ ဝေဒနာသည် မဖြစ်ဘဲ ဆီးချိုရောဂါ ရှိသူအဖြစ် နေထိုင်နိုင်မှာ ဖြစ်ပါတော့တယ်..
credit-ကျန်းမာရေးရာအဖြာဖြာ
0 comments:
Post a Comment