ကြွက်တက်တာကို ကုသမှုအနေနဲ့ ကြွက်တက်တဲ့ ကြွက်သားကို ဆန့်လိုက်ရင် သက်သာသွားပါတယ်။
- အများအားဖြင့် ခြေသလုံးကြွက်တက်ရင် မတ်တတ်ရပ်ပြီး လမ်းလျှောက်လိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒါမှမဟုတ် နံရံကိုမှီကာ တံကောက်ကွေးပြီးခြေထောက်ကို ဖြောင့်နေအောင်ခြေသလုံးကြွက်သားကို ဆန့်လိုက်ရင်လည်း သက်သာပါတယ်။နံနက်ရော ညပါ သတိထားပြီး လုပ်ပေးလိုက်ရင် ညအိပ်တဲ့အခါ ကြွက်တက်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
- ကြွက်တက်တဲ့အခါ နှိပ်နယ်ပေးရင်လည်း သက်သာစေနိုင်ပါတယ်။
- ကြွက်တက်တဲ့နေရာကို ရေနွေးအိတ်တင်ပေးတာကလည်း သက်သာစေပါတယ်။
မကြာခဏ ကြွက်တက်တတ်တဲ့သူတွေအနေနဲ့ ခြေထောက်လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ ခြေဖဝါးမှာ လုံချည်ချိတ်ထားပြီး ဒူးဆန့်ထားရင်း အဲဒီလုံချည်ကို ဆွဲပေးရင်လည်းရပါတယ်။
စာရေးတာများလို့ လက်ကြွက်တက်ရင်လည်း ခြေထောက်လိုပဲ လက်ကို ဆန့်ပေးပါ။
- နောက်နည်းတစ်ခုက ခြေသလုံးကြွက်တက်ရင် နှုတ်ခမ်းကို ဆိတ်ပေးရတယ်လို့ ဆိုပါတယ်။ ညာဘက်ခြေသလုံးကြွက်တက်ရင် ညာဘက် အပေါ်နှုတ်ခမ်းကို ဆိတ်ပေးရင် သက်သာတယ်လို့ ဆိုပါတယ်။ အဲဒါကို Acute Punch လို့ခေါ်ပါတယ်။
တချို့ကလည်း လက်ညှိုးနဲ့လက်မကြား ကြွက်သားကို အသာလေး နှိပ်ပေးရင် သက်သာစေတယ်လို့ ဆိုပါတယ်။
- ရေဓာတ်ခမ်းခြောက်လို့ ဖြစ်တာဆိုရင် ရေများများသောက်ပေးရပါမယ်။ ဆိုဒီယမ်၊၊ ပိုတက်စီယမ်တွေများများ ပါတာသောက်ပါ။
- ဆေးဝါးတွေပေးဖို့တော့မလိုအပ်ပါဘူး။ တကယ်တမ်းကြွက်တက်လာရင် ဆေးသောက်နေချိန်တောင် မရှိလိုက်ပါဘူး။ ဒါပေမယ့် အမြဲခဏခဏ ဖြစ်တတ်ရင်တော့ ကြွက်သားလျော့စေတဲ့ဆေးတွေ သောက်လို့ရပါတယ်။
- တချို့က ခေါင်းစောင်းနေပြီး လည်ပင်းကြွက်တက်တာမျိုး မကြာခဏ ဖြစ်နေတတ်ပါတယ်။ အရမ်းဆိုးဆိုးရွားရွားဖြစ်နေတယ်ဆိုရင် ခွဲစိတ်လို့လည်းရတာမျိုးမဟုတ်တော့ Botox ဆေးထိုးပေးလို့ရပါတယ်။ အဲ့ဒီဆေးက ထိရောက်မှု ရှိပေမယ့် အာနိသင်က လပိုင်းပဲခံတာကြောင့် တကယ်လို့ပြန်ဖြစ်လာရင် ပြန်ထိုးပေးရပါတယ်။
-အမြဲဆိုသလို ကြွက်တက်နေတတ်ရင်တော့ ညညဆို လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ လိုအပ်တဲ့အာဟာရ ဓာတ်တွေ စားပေးရပါမယ်။ အားကစားလေ့ကျင့်ခန်းတွေ လုပ်ရင်လည်း သွေးပူလေ့ကျင့်ခန်းတွေ လုပ်ပေးရပါမယ်။အားကစားလုပ်ပြီးရင်လည်း ထပ်လုပ်ပေးရပါမယ်။ ရေဓာတ်လည်း အလုံလောက်လောက်ရှိနေရပါမယ်။
- အားကစားသမားတွေမှာ ကစားရင်း ကြွက်တက်တာမျိုးတွေ အဖြစ်များတဲ့အတွက် မဖြစ်အောင် လေ့ကျင့်ခန်းကို တစ်နာရီထက်ပိုကြာကြာ လုပ်မယ်ဆိုရင် ရေအပြင် တခြားဓာတ်တွေပါ ဖြည့်ပေးသင့်ပါတယ်။
- မာရသွန်လို အချိန်အကြာကြီးကစားရတဲ့ လေ့ကျင့်ခန်းတွေမှာ ရေဓာတ်တွေ လျော့နည်းပြီး ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။ တကယ်တော့ အားကစားမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ကိုယ်အလေးချိန်က နှစ်ရာခိုင်နှုန်းထက်ပိုမကျအောင် ထိန်းရပါတယ်။ ကားပြိုင်ပွဲတွေမှာတောင် ကားထဲ ထိုင်နေရတယ်ဆိုပေမယ့် ချွေးတွေအရမ်းထွက်ရင် ကားပြိုင်ပွဲပြီးချိန်မှာ ကိုယ်အလေးချိန်တွေ လျော့ကျနေတတ်ပါတယ်။ ကိုယ်အလေးချိန် ၂ ဒသမ ၂၅ ပေါင်ကျသွားတာက ရေ တစ်လီတာ ဆုံးရှုံးသွားတာနဲ့ အတူတူပါပဲ။
- အားကစားလုပ်တဲ့နေရာက အပူချိန် ဘယ်လိုရှိတယ်၊ စိုထိုင်းမှု ဘယ်လောက်ရှိတယ်ဆိုတာကို ကြည့်ပြီး ပျမ်းမျှအားဖြင့် တစ်နာရီလှုပ်ရှားတာက ရေ ၁ ဒသမ ၈ လီတာဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ၃ နာရီလောက်ကြိုပီးတော့ ရေသန့်ဘူးတစ်ဘူး သောက်ထားသင့်ပါတယ်။
- အရည်ပဲဖြစ်ဖြစ် ၊ အစားသောက်ပဲဖြစ်ဖြစ် ဆိုဒီယမ်ပါတာကို စားသောက်ထားရင် ရေဓာတ်ကို ပိုထိန်းထားနိုင်ပါတယ်။ တာဝေးအပြေးသမားတွေဆိုရင်လည်း တစ်နာရီဆိုရင် ရေဓါတ် ၁ ဒသမ ၄ လီတာလောက် ကုန်ဆုံးနေတယ်ဆိုတာကို သိထားပြီး ပြန်ဖြည့်ပေးနေဖို့လိုပါတယ်။
- ကာဗိုဟိုက်ဒရိတ်ကလည်း ၁၀ ရာခိုင်နှုန်းထက် မပိုသင့်ပါဘူး။ အားဖြည့် အချိုရည်တွေ သောက်ရင် ကာဗိုဟိုက်ဒရိတ် အများကြီးပါတာ မသောက်သင့်ပါဘူး။ အချိုဓာတ်သိပ်များတာကလည်း မသောက်သင့်ပါဘူး။ အချိုရည် ခုနှစ်ရာခိုင်နှုန်းလောက်က အသင့်တော်ဆုံးလို့ ဆိုပါတယ်။
- တချို့စက်ဘီးပြိုင်ပွဲတွေက တစ်ပြိုက်နက်တည်း ၆နာရီလောက်ပြိုင်ရတာ ရှိပါတယ်။ အဲဒီလူတွေက ၆ နာရီလောက် ဘာမှမစားဘဲဆက်တိုက် စက်ဘီးနင်းရပါတယ်။ သူတို့တစ်တွေကို မနက်အစောပိုင်း အစာအများကြီးစားခိုင်းရပါတယ်။ ၄ နာရီထက် ပိုတဲ့ အားကစားတွေက အာဟာရဓာတ်တွေ ပါလိုအပ်ပါတယ်။ နာရီနည်းနည်းပဲ ပြိုင်တယ်ဆိုရင်တော့ရေဓာတ်လောက်ပဲ ဖြည့်ပေးဖို့ အရေးကြီးတာပါ။
- လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်တွေမှာလည်း အလေးချိန် တစ်ပေါင်လျော့တိုင်း ရေ ၅၀၀ မီလီလီတာ ပြန်သောက်ဖို့ လိုပါတယ်။
- ကိုယ်ဝန်ဆောင်တွေ ကြွက်မတက်အောင် ကတော့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ် ဖြည့်စွက်စာတွေ လိုအပ်ပါမယ်။ ဆရာတို့နိုင်ငံမှာ ဒီဖြည့်စာတွေ ပိုပြီးတော့ လိုအပ်ပါလိမ့်မယ်။ အဲဒါတွေစားပေးရင် ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်တာကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒီဓာတ်တွေက ကြွက်တက်တာကို ကာကွယ်နိုင်သလို မိခင်နဲ့ ကလေးအတွက်ပါ ကျန်းမာရေးအတွက် လိုအပ်တာတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာမသောက်သုံးဘဲသက်ဆိုင်ရာ ဆရာဝန်တွေနဲ့တော့ အရင်တိုင်ပင်သင့်ပါတယ်။
- ကြွက်မတက်စေဖို့ နောက်ထပ် သတိထားသင့်တာကတော့ အလုပ်တစ်ခုခုကိုလုပ်ရင် အနေအထိုင် ပုံစံတွေ မှန်ကန်စွာ နေထိုင်လုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ ခုံမြင့်ဖိနပ်တွေ ရှောင်ပါ။
ကွန်ပျူတာ သုံးတဲ့အခါ ထိုင်ခုံ အနိမ့်အမြင့်တွေကစ အဆင်ပြေအောင်ထားပါ။အလုပ်ကို အကြာကြီးဆက်တိုက်မလုပ်ပါနဲ့။ သက်သက်သာသာအနေအထားနဲ့လုပ်ပြီး မကြာခဏ နားနားပေးပါ။ လမ်းထလျှောက်ပေးပါ။ အလုပ်တစ်ခုခုလုပ်ရင် စိတ်ဖိစိးမှုတွေကိုလျှော့ပြီး လုပ်ပါ။ တယောထိုးတာလိုမျိုး တူရီယာ တီးခတ်တယ်ဆိုရင် ပုံစံပြင်မရဘဲ အကြာကြီးနေနေရတဲ့အတွက် ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။
- ကြွက်သားဆန့်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီး အချိန်တွေမျာ ပုံမှန်လုပ်ပါ။ ညဘက်မှာ ကြွက်တက်တတ်တဲ့သူတွေဆိုရင် တစ်ရေနိုးချိန်တွေမှာပါ အဆင်ပြေရင် ခြေသလုံး ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။
- ဆေးတွေကို သောက်သလို ညအိပ်ခါနီး နွားနို့သောက်ပေးသင့်ပါတယ်။ မဂ္ဂနီဆီယမ်ကို ဆုံရှုံးစေပါတယ်။ကယ်လ်စီယမ်ကို အများကြီးသောက်ရင်လည်း မဂ္ဂနီဆီယမ် လျော့စေတတ်တာကို သတိထားဆင်ခြင်သင့်ပါတယ်။
-အစိမ်းရောင်အသီးအရွက်တွေ အခွံမာသီးတွေနဲ့ အသားတချို့မှာ မဂ္ဂနီယမ်ဓာတ် ပါပါတယ်။ ဗီတာမင် အီးကလည်း ကြွက်တက်တာကို သက်သာစေပါတယ်။ အသက်ကြီးတဲ့သူတွေမှာ မဂ္ဂနီဆီယမ် မှီဝဲမယ်ဆိုရင် သွေးစစ်ဆေးသင့်ပါတယ်။ကျောက်ကပ်သိပ်မကောင်းရင် မဂ္ဂနီဆီယမ်တွေ အရမ်းမြင့်တက်လာတတ်ပါတယ။်
- နောက်တစ်ခုအရေးကြီးတာက ဗီတာမင်ဒီ ရအောင် နေ့စဉ် နေရောင်ခြည်ထိတွေ့မှု အသင့်အတင့်ခံယူရပါမယ်။ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ သောက်သုံးမယ်ဆိုရင်တော့ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ လိုအပ်တာထက်ပိုသွားခဲ့ရင် ဗီတာမင်တွေကလည်း အဆိပ်အတောက်ဖြစ်စေတတ်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှမှီဝဲဖို့ အရေးကြီးတာ ဖြစ်ပါတယ်
credit-ကျန်းမာရေးရာအဖြာဖြာ
0 comments:
Post a Comment