အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Saturday, 6 February 2016

အမျိုးသားများပါသတိထားရတော့မည့်အမျိုးသမီးရောဂါများ

မျိုးဗီဇ၊ ခန္ဓာဗေဒနဲ့ ဟော်မုန်းအဆင့် အပြောင်းအလဲကြောင့် တချို့ရာဂါတွေက အမျိုးသားတွေမှာထက် အမျိုးမီးတွေမှာ ပိုပြီးထိခိုက်မှု ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များရတဲ့ ဒီရောဂါတွေဟာ အမျိုးသားတွေ မှာလည်း ဖြစ်နိုင်ခြေရှိတဲ့အတွက် သတိပြုစောင့်ကြည့်သင့်ပါတယ်။

(၁) ရင်သားကင်ဆာ

အမျိုးသမီးတွေမှာ ရင်သားတစ်သျှူး တွေ ပိုမို ပါရှိနေတဲ့အတွက် အမျိုးသားတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေဟာ ရင်သားကင်ဆာ ဖြစ်သူတွေရဲ့ တစ်ရာခိုင်နှုန်းသာ ရှိပေမယ့် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ အချက်ကို မေ့နေတတ်ကြပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ရောဂါရှာဖွေရာမှာ ရင်သားကင်ဆာ စစ်ဆေးမှုကို မပြုလုပ်တတ်ပါဘူး။ အသက် ၅၀ ကျော်တာနဲ့ အ၀လွန်တာတွေဟာ အမျိုးသားတွေကို ရင်သားကင်ဆာ ဖြစ်နိုင်ခြေများစေတဲ့ အချက်တွေပါ။

(၂) အရိုးပါး ရောဂါ

အရိုးပါးရောဂါဟာ အရိုးသိပ်သည်းဆကို လျော့နည်းစေပြီး အရိုးကျိုးလွယ်စေ ပါတယ်။ အမျိုးသမီး သုံးဦးမှာ တစ်ဦးနှုန်း အရိုးပါးရောဂါ ဖြစ်နိုင်ခြေများတဲ့ အတွက် အမျိုးသားတွေ သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသား ငါးဦးမှာ တစ်ဦးနှုန်း အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။

အထူးသဖြင့် အသက် ၆၅နှစ် ကနေ ၇၀ ကျော်လာချိန်မှာ အမျိုးသားတွေရဲ့ အရိုးထုထည်ဟာ စတင်ဆုံးရှုံးလာပါတော့တယ်။ ကျောက်ကပ် ပြဿနာ၊ သိုင်းရွိုက် ပြဿနာ ၊ဗီတာမင်ဒီ ခိျု့တဲ့တာ၊ စတီးရွိုက်ဆေး ကြာရှည်သောက်သုံးတာ၊ ကင်ဆာကုထုံးနဲ့ အတက်ကျဆေး သောက်တာတွေကြောင့် အရိုးသိပ်သည်းဆ ဆုံးရှုံးမှု အဖြစ်များပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။

(၃) သိုင်းရွိုက် ပြဿနာများ

လည်ပင်း အလယ်အောက်ခြေမှာရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်း ထွက်ရှိကာ ဇီဝကမ္မ ဖြစ်စဉ်ကို ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်း ထွက်ရှိတာကြောင့် နုံးချည့်တာ၊ ကိုယ်အလေးချိန် မြင့်တက်တာ၊ မေ့လွယ်တာ၊ အရေပြားနဲ့ ဆံပင်သား ခြောက်သွေ့တာတို့ ဖြစ်တတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်း အလုံအလောက် မထွက်ရှိရင် ကြွက်သား အားနည်းတာ၊ အိပ်ရေးပျက်တာနဲ့ စိတ်တိုတာတို့ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သိုင်းရွိုက်ရောဂါ ဖြစ်နိုင်ခြေ ၅-၈ ဆ ပိုများပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေရှိတာကို သတိပြုသင့်ပါတယ်။

(၄) အစာစားခြင်းဆိုင်ရာ ပြဿနာ

အမျိုးသားတွေဟာ ကိုယ်အလေးချိန် လျှော့ချရင်း အစာစားမှုဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အစားလျှော့လွန် ရောဂါရနေသူ ၁၀-၁၅ ရာခိုင်နှုန်းဟာ အမျိုးသားတွေ ဖြစ်နေပါတယ်။ အမျိုးသားတွေဟာ အစာ အာဟာရ မလုံလောက်တာကြောင့် နှလုံးပြဿနာ၊ အရိုး သိပ်သည်းဆ ဆုံးရှုံးမှု၊ ကိုယ်အင်္ဂါ ထိခိုက်မှုနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေ ရှိပါတယ်။ အားကစားကို အလွန်အကျွံ ကစားသူတွေ၊ အ၀လွန်တဲ့ လူငယ်တွေနဲ့ အစားအသောက်ကို အလွန်အမင်း လျှော့သူတွေဟာ ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နိုင်ခြေ ရှိပါတယ်။

(၅) ဆီးအိတ် ပိုးဝင်ခြင်း

ဆီးအိတ်ပိုးဝင်တာက အမျိုးသမီးတွေမှာ အဖြစ်များပေမယ့် အမျိုးသားတွေလည်း ဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် အမျိုးသားတွေက ဆီးကျိတ်ကြီးတာ၊ ဆီးကျောက်တည်တာနဲ့ ဆီးပြွန်ကျဉ်းတာတို့ ဖြစ်နေရင် ဆီးအိတ်ပိုးဝင်မှု ဖြစ်နိုင်ခြေများပါတယ်။ ဆီးအိတ်ပိုးဝင်မှုကို ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသမှု ခံယူနိုင်ပါတယ်။

မကြာခဏ ဆီးသွားတာ၊ ဆီးထဲသွေးပါတာ၊ ဆီးအရောင်ရင့်တာ၊ ဆီးသွားတိုင်း ပူစပ်ပူလောင်ဝေဒနာ ရတာနဲ့ အဖျားနည်းနည်း ရှိတာတွေဟာ ဆီးအိတ်ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

(၆) စိတ်ဓာတ်ကျခြင်း

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်။ ဒါပေမဲ့ ခံစားရတဲ့ လက္ခဏာတွေကတော့ မတူပါဘူး။ အမျိုးသားတွေဟာ စိတ်ဓာတ်ကျရင် ဒေါသထွက်တာ၊ စိတ်ဂနာမငြိမ် ဖြစ်တာနဲ့ စိတ်ပျက်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ကုသမှု မခံယူရင် စိတ်ဓာတ်ကျတဲ့ လက္ခဏာက ပိုဆိုးနိုင်ပါတယ်။

(၇) ကိုယ်ခံအား လွန်ကဲသော ရောဂါတစ်မျိုး (Lupus)

ခန္ဓာကိုယ်ရှိ ကိုယ်ခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေ ဖောက်ပြန်မှုကြောင့် ကိုယ်တွင်းစနစ်ကို ပြန်တိုက်ဖျက်တဲ့ ဝေဒနာ (Autoimmune Disorder) ဖြစ်သူ ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ လက္ခဏာအနေနဲ့ အဆစ်ရောင်ရမ်းတာ၊ အဆစ်နာတာ၊ ကြွက်သား အားနည်းတာ၊ အလွန်အမင်း မောပန်းတာ၊ အကြောင်းရင်း မရှိဘဲ ဖျားတာ၊ ဆံပင်ကျွတ်တာ၊ ခြေထောက် ရောင်တာ၊ ခံတွင်းအနာနဲ့ ဂလင်းတွေ ရောင်ရမ်းတာတို့ကို တွေ့ရတတ်ပါတယ်။

*ဆရာဝန်နှင့် ပြပါ*
လေ့လာမှုတွေအရ အမျိုးသားတွေက အမျိုးသမီးတွေထက် ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးကြောင်း သိရပါတယ်။ အရင်က ဆရာဝန်နဲ့ ပြသမှု ၂၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး အခုအခါ ၄၀ ရာခိုင်နှုန်း နီးပါးဟာ ကျန်းမာရေး စစ်ဆေးမှု မပြုလုပ်ကြကြောင်း သိရပါတယ်။ ဒါကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့ကြောင့် သေဆုံးနိုင်ခြေ ၁ ဒဿမ မ ၅ ဆ ပိုများပါတယ်။ သင့်အနေနဲ့ ကျန်းမာရေး မကောင်းဘူးလို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့် ပါတယ်။

Credit : ပြည်မြန်မာ

0 comments:

Post a Comment